(IQ)ဆိုတာနှင့်(EQ)ဆိုတာ
Intelligence (IQ)ဆိုတာကို ညဏ်ရည်ညဏ်သွေးလို့ ပြောရမယ်ဆိုရင် Emotional Intelligence (EQ)ဆိုတာကို စိတ်ခံစားမှုကိုယ်ရည်ကိုယ်သွေးလို့ ဆိုချင်ပါတယ်။ IQကောင်းတဲ့ လူတစ်ယောက်ဟာ ကျောင်းသင်ခန်းစာတွေကို အလွယ်တကူ အောင်မြင်စွာသင်ယူတတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် EQပါကောင်းတဲ့ လူတစ်ယောက်ကတော့ ဘဝထဲက သင်ခန်းစာတွေကိုပါ သင်ယူနိုင်စွမ်းရှိသူလို့ ဆိုနိုင်ပါတယ်။ EQကောင်းတဲ့သူတစ်ယောက်ဟာ သူ့ရဲ့စိတ်ခံစားမှုကို ကောင်းစွာထိန်းချုပ်မောင်းနှင်ပြီး တုန့်ပြန်နိုင်စွမ်းရှိသလို အခြားသူတစ်ဦးရဲ့ စိတ်ကိုလည်း ခန့်မှန်းတွက်ချက် နားလည်နိုင်ကာ လိမ်မာပါးနပ်စွာ ပြုမူဆက်ဆံတတ်ပါတယ်။ ဒီနည်းနဲ့သူဟာ
အဖွဲ့အစည်းတစ်ခုအတွင်းမှာ အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို IQတစ်ခုတည်းသာ ကောင်းတဲ့သူတစ်ယောက်ထက် ပိုမိုဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကမ္ဘာမှာလည်း EQနဲ့IQကိစ္စတွေကို လုပ်ငန်းနယ်ပယ်အသီးသီးမှာ အလေးအနက်ဆွေးနွေးလာကြပြီး EQကို ပိုပြီးအလေးထားလာကြပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေခေါ်ယူရမှာလည်း EQစစ်ဆေးချက်တွေကို ဂရုစိုက်ပြုလုပ်လာကြပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် IQတစ်ခုတည်းရှိရုံနဲ့ မလုံလောက်နိုင်ပါဘူး။ အဖွဲ့လိုက်ဆောင်ရွက်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ EQဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ ပညာတွေအရမ်းတော်နေပေမယ့် EQအားနည်းပြီး လိုက်လျောညီထွေဆက်ဆံရေး မရှိခဲ့ရင် သူ့ရဲ့အောင်မြင်မှုဟာ ကျဉ်းမြောင်းနေပါလိမ့်မယ်။ ပညာရှင်တိုင်းဟာ ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာလည်း ပညာရှင်တစ်ယောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
Dr. Daniel Goleman ရေးသားခဲ့တဲ့ Emotional Intelligence စာအုပ်ထဲက EQရဲ့ လက္ခဏာ(၅)ရပ်ဖြစ်ပါတယ်။်
၁။ ကိုယ့်စိတ်ခံစားမှုကိုသိခြင်း။
-ကိုယ့်စိတ်ခံစားချက်နဲ့ အကျိုးသက်ရောက်မှုတွေကို မှန်ကန်စွာသိဖို့လိုပါတယ်။
၂။ ကိုယ့်စိတ်ခံစားမှုကို ထိန်းချုပ်စီမံနိုင်ခြင်း။
-ကိုယ့်စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် လုပ်ငန်းဆောင်ရွက်ရာမှာ အောင်မြင်နိုင်ပါတယ်။
၃။ ကိုယ့်စိတ်ခံစားမှုကို အသုံးချတတ်ခြင်း။
-ကိုယ့်ခံစားချက်တွေကို အသုံးချပြီး ရည်မှန်းချက်တစ်ခုကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။
၎။ အခြားသူရဲ့ စိတ်ခံစားမှုကို နားလည်နိုင်ခြင်း။
-မိမိရဲ့ ပတ်ဝန်းကျင်မှ လူတွေရဲ့ ခံစားချက်တွေကို သိနားလည်နိုင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ရတာ အဆင်ပြေနိုင်ပါတယ်။
၅။ ခံစားမှုတွေကို ထိန်းညှိနိုင်ခြင်း။
-ကိုယ့်ခံစားမှုနဲ့ အခြားသူတွေရဲ့ခံစားမှုတွေကို ညှိနှိုင်းထိန်းချုပ်နိုင်ခြင်းကြောင့် ဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်မှုတွေမှာ အောင်မြင်နိုင်ပါတယ်။
EQသမားတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအရ တုန့်ပြန်တတ်တဲ့အမှုအရာကိုကြည့်ပြီး သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ ကောင်းကောင်းအကဲဖြတ်နိုင်တယ်။ EQကောင်းတဲ့သူတွေဟာ လူတစ်ဦးချင်းစီရဲ့ အနေအထားကိုကြည့်ပြီး လိုက်လျောညီထွေဆက်ဆံနိုင်မှုကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ ပိုမိုအရေးပါတဲ့ ဦးဆောင်မှုကို ရလာနိုင်တယ်။ EQသမားဟာ ကိုယ့်ရဲ့စိတ်ခံစားမှု အတိမ်အနက်ကို နားလည်ထိန်းချုပ်ပြီး အသုံးချတတ်တယ်။ ယနေ့ခေတ်လူမူအဖွဲ့အစည်းမှာ ရှင်သန်အောင်မြင်နိုင်ဖို့အတွက် အပြောအဆိုနဲ့ စည်းရုံးဆောင်ရွက်တတ်မှုစွမ်းရည် လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်သူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ EQနဲ့ (၈၀)ရာခိုင်နှုန်း သက်ဆိုင်နေပြီး IQနဲ့ (၂၀)ရာခိုင်နှုန်းပဲ သက်ဆိုင်တယ်လို့ ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Emotional Intelligence စာအုပ်မှာ Dr. Daniel Golemanက ဖွင့်ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ EQရဲ့အားသားချက်တွေကြောင့် အများနဲ့လုပ်ကိုင်ရတဲ့ ကိစ္စတွေမှာ အဆင်ပြေပြေဆောင်ရွက်နိုင်လို့ပါပဲ။ ဒါ့အပြင် သူတစ်ပါးပြောတာကို နားထောင်တတ်တဲ့ အလေ့အကျင့်နဲ့ စွမ်းရည်ဟာလည်း EQရဲ့ လက္ခဏာပါပဲ။ IQဆိုတာ မွေးကတည်းကပါလာတဲ့ ဗီဇတစ်ခုလို့ဆိုနိုင်ပေမယ့် EQဆိုတာကတော့ လေ့ကျင့်ယူနိုင်တာမျိုးဖြစ်တယ်လို့လည်း စိတ်ပညာရှင်တွေက ဆိုပါတယ်။ EQဟာ အသက်အရွယ်ကြီးလာတဲ့အခါ ပိုမိုတိုးတက်လာတယ်လို့လည်း လေ့လာမှုတွေက ဆိုပါတယ်။ ယနေ့ကမ္ဘာမှာ EQနဲ့IQကို ယှဉ်ပြိုင်ပြောဆိုလာကြသလို EQဟာ ပိုပြီးအရေးပါလာတာကို တွေ့ရပါတယ်။ Dr. Daniel Golemanရဲ့ စာအုပ်မှာလည်း EQဆိုတာ IQထက်ပိုပြီး အရေးပါကြောင်း ပြောထားခဲ့ပါတယ်။ ကျနော်တစ်ယောက်တည်းရဲ့ အမြင်အရတော့ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲ စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ ယနေ့ခေတ်ကြီးမှာ (EQ+IQ)ဆိုတဲ့ ဖေါ်မြူလာကိုသုံးပြီး လုပ်ငန်းနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရဖို့ ကြိုစားကြရမှာ ဖြစ်ပါတယ်။
မှတ်ချက် - ဖတ်ခဲ့ဖူးသော EQ သတင်းဆောင်းပါးတစ်ပုဒ်ကို နားလည်ယူဆမိတဲ့အတိုင်း ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်။
Post a Comment